Press "Enter" to skip to content

မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့၏ တိုက်ပွဲအကြား အပြစ်မဲ့ရိုဟင်ဂျာများသေဆုံးနေ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီး​တောင်​မြို့ ​သရက်​​​ပြင်​ကျေးရွာအုပ်စုတွင်းရှိ အလယ်​ချောင်းကျေးရွာ​​တွင်​ မြန်မာစစ်တပ်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ် အပြစ်မဲ့ ရိုဟင်ဂျာ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး တစ်ခြား တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကျေးရွာနေ ပြည်သူများမှ သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက် (၉)နာရီ အချိန်ခန့်တွင် ထင်းခွေရန်သွားသူများနှင့် ယာခင်းထဲသွားသူ စုစုပေါင်း(၃၀)ကျော်ခန့်သည် မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်တို့ တိုက်ပွဲများ ပြင်းထန်နေသည့် ကြားတွင် ပိတ်မိနေကြကာ အိမ်ပြန်မရောက်နိုင်ကြသေးသဖြင့် ရွာသူ/သားများက စိုးရိမ်လျက်ရှိကြပါတယ်။

ပိတ်မိနေသော ရွာသားများသည် သရက်ပြင်ကျေးရွာအုပ်စုနှင့် ဖုံညိုလိပ်ကျေးရွာအုပ်စုတို့တွင် နေထိုင်ကြသူများဟုသိရပြီး ၄င်းတို့ထဲမှ ဖုံညိုလိပ်တွင် နေထိုင်သူတစ်ဦးဖြစ်သော  ဦးအဘုလ်ကာဆိမ်း၏သား ဆွေတာလောမ် အသက်(၁၆)နှစ်သည် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သော ကျည်ဆံထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ထိုသေဆုံးသူနှင့်အတူ ဦးအာမိရ်ဟူဆောင်း၏ သားဖြစ်သူ မမတ်အာယာစ် အသက်(၂၆)နှစ်မှာလည်း ခြေထောက်ဒဏ်ရာ ရရှိခဲ့သောကြောင့် ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရလျက် ရှိပါတယ်။

မြန်မာစစ်တပ်က လူမျိုးတုန်း သတ်ဖြတ်မှု စတင်ချိန်မှ အင်အားနည်း ရိုဟင်ဂျာမွတ်စလင်များအား နေ့စဉ်နှင့်အမျှ ညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်မှုများဆက်တိုက် ပြုလုပ်နေသော်လည်း မြန်မာအစိုးရမှ ယနေ့ထိတိုင် အရေးယူ ဖြေရှင်းပေးခြင်းမရှိပဲ လျစ်လျူရှုထားတာပဲဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.