Press "Enter" to skip to content

မောင်တောမြို့တွင် လျှပ်စစ်ဓာတ်အားပေးဝေရေးမှ လာဘ်ယူနေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် မဟာဓါတ်အားလိုင်း စီမံကိန်းဖြင့် ၂၄နာရီမီးရရှိစေရန် ဓါတ်တိုင်များ စိုက်ထူပြီး ဒီဇင်ဘာလ၂၂ရက်မှ စတင်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါတယ်။

ထိုလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ရိုဟင်ဂျာရွာများတွင် စိုက်ထူမည့် ဓါတ်တိုင်များအတွက် ဓါတ်တိုင် တစ်တိုင်လျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဌာနမှ ဝန်ထမ်းများက ကောက်ခံလျက်ရှိကြောင်း သိရှိရပါတယ်။ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက်၏ ဥက္ကဌဟောင်းဖြစ်သူ ဦးဘော်ရှော်ရ်နေထိုင်ရာ အနီးဝန်းကျင်တွင် ဓါတ်တိုင် (၅) တိုင် စိုက်ထူရန် အတွက် ငွေကျပ် စုစုပေါင်း (၂၅) သိန်း ပေးသွင်းခဲ့ရပါတယ်။

ထို့အပြင် ဖေဇီရွာ အနောက်ဘက် နှင့် သင်္ချိုင်း၏တောင်ဘက် ပတ်ဝန်းကျင်တွင် ဓါတ်တိုင်(၁၁)တိုင် စိုက်ထူရန် အတွက် ငွေကျပ် (၅၅) သိန်း ကောက်ခံခဲ့ပြီး ကျန်ရှိနေသော ရိုဟင်ဂျာ အများစု နေထိုင်ရာ ရပ်ကွက်များတွင်လည်း အလားတူကောက်ခံလျက် ရှိနေပါတယ်။

မီတာတပ်ဆင်လိုသူများ အနေနှင့် အစိုးရသတ်မှတ်ဈေးဖြင့် မရရှိသည့်အတွက် မီတာတစ်လုံး အပြီးအစီး တပ်ဆင်ဖို့ရာ ငွေကျပ် (၃)သိန်းခန့် ကုန်ကျနေကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့ အစိုးရမှ သတ်မှတ်ထားသည့် ဈေးနှုန်း မဟုတ်ပဲ ဝန်ထမ်းများ တောင်းခံနေသည့် ဈေးနှုန်းအတိုင်း ပေးနိုင်သူများကိုသာ အမြန်တပ်ဆင် ပေးလျက်ရှိနေပြီး ငွေကြေးအပို မပေးနိုင်သူများကို ချန်လှပ်ထားကြောင်း သိရှိရပါတယ်။

ပြည်ထောင်အစိုးရ၏ ရန်ပုံငွေဖြင့် လုပ်ဆောင်နေသော စီမံကိန်းတွင် ဒေသခံ ပြည်သူလူထုမှ ငွေကြေးကုန်ကျခံကာ ဓါတ်တိုင်များ စိုက်ထူ နေရသည်မှာ အောက်ခြေဝန်ထမ်းများမှ လာဘ်ယူနေခြင်း ကြောင့်သာဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆို နေပါတယ်။

ဤသို့အောက်ခြေဝန်ထမ်းများက လာဘ်စားနေခြင်းကို အထက်အရာရှိများမှ ထိရောက်စွာ အရေးယူ ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။ ထိုကဲ့သို့ အစိုးရဝန်ထမ်းများ၏ မမှန်မကန်စွာ လုပ်ဆောင်ခြင်းကို ထိရောက်စွာအရေးမယူနိုင်လျင် ပြည်သူတို့ရဲ့ အကျိုးစီးပွားတွင် နှစ်နာမှု များပြားစွာ ရှိနေမှာပဲ ဖြစ်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.