Press "Enter" to skip to content

မီးသတ်ဦးစီးဌာန အဖွဲ့များက ရိုဟင်ဂျာများ၏ ချွေးနည်းစာများကို အတင်းအဓမ္မယူနေ

မောင်တောမြို့။ ။၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် မြန်မာစံတော်ချိန် နေ့လည် နှစ်နာရီခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ မီးသတ်ဦးစီးဌာနမှ အရာရှိဖြစ်သူ ဦးထွန်းရွှေခိုင်နှင့် အဖွဲ့သားများက မြို့မတောင်ရပ်ကွက်၊ သီရီမင်္ဂလာဆောင် ခန်းမရှေ့ လိုင်းတန်းတွင် အသက်မွေးဝမ်းကြောင်းပြုရန် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသော ဦးမူဆာထံသို့ သွားရောက်ကာ နိုင်ထက်စီးနင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုမီးသတ်ဦးစီးဌာနမှ အဖွဲ့သားများ ရောက်ရှိလာပြီး မီးသတ်ဂတ်(စ်)ဗူး တစ်ဗူးကို ငွေကျပ် လေးသာင်းဖြင့် ဝယ်ယူရန် အတင်းအဓမ္မ ပြောဆိုရောင်းချခဲ့ရာ ဦးမူဆာက သူ့တွင်နေ့စဉ်ဝင်ငွေ အနည်းငယ်သာရှိပြီး ထိုဝင်ငွေဖြင့်သာ မိသားစု စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းနေရ၍ ငွေကျပ် လေးသောင်းဖြင့် မီးသတ်ဗူးကို ဝယ်ယူရန် မတတ်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။

ထိုသို့သေချာစွာ ပြောဆို ရှင်းပြသော်လည်း ဦးထွန်းရွှေခိုင်နှင့် အဖွဲ့သားများက ဦးမူဆာ၏ ဆိုင်ထဲသို့ ဝင်ရောက်ကာ ခြိမ်းခြောက် ဆဲဆိုခဲ့သည့်အပြင် ထိုင်ခုံများကို ကန်ကျောက်ဖျက်စီးပြီး၊ ထိုဆိုင်ထဲတွင် အတူရှိနေသော ဆိုင်ကယ်ပြင်သူ ဦးအစ္စမိုင်(လ်)ကိုလည်း ကိုယ်ထိလက်ရောက် စော်ကားမှုတွေ ပြုလုပ်ကာ မီးသတ်ဂတ်(စ်)ဗူးကို ကျပ်လေးသောင်းဖြင့် မဝယ်မနေရ အတင်းအဓမ္မ ရောင်းချခဲ့ပါတယ်။

ထိုကဲ့သို့ ပြုမူရောင်းချခြင်းသည် ဦးမူဆာ၏ ဆိုင်တစ်ဆိုင်တွင်သာ မဟုတ်ပဲ အခြားဆိုင်များသို့လည်း သွားရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ အဆိုပါ မီးသတ်ဂတ်(စ်)ဗူးများကို ရိုဟင်ဂျာများ၏ ဆိုင်များတွင်သာ ရောင်းချနေခြင်း ဖြစ်ပြီး ရခိုင်လူမျိုးများပိုင်ရာ ဆိုင်များသို့ သွားရောက် ရောင်းချခြင်းမရှိပေ။

နိုင်ထက်စီးနင်း ပြုခံရသူတစ်ဦးက  ဤကဲ့သို့ ပြုမူဆောင်ရွက်နေခြင်းသည်  ပြည်သူများအား အာဏာရှင်ဆန်စွာ ညှင်းပမ်းနှိပ်စက်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စီးပွားရေး အဆင်မပြေချိန် ကာလတွင် မိမိတို့၏ ချွေးနည်းစာများကို မတရားသဖြင့် ယူနေခြင်းမှာ မိမိတို့၏ စားဝတ်နေရေး မပြေလည်မှုကို ပိုမိုခက်ခဲအောင် ပြုလုပ်နေကြသည်သာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.