Press "Enter" to skip to content

ဘူးသီးတောင် ငါးရန့်ချောင်းတွင် ယာယီအခြေစိုက် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးနဲ့ စစ်သားများက ဒေသခံရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့်ဒုက္ခပေးနေ

RVision TV News 

၂၉.၀၃.၂၀၁၈

ဘူးသီးတောင်။   ။ဘူးသီးတောင်မြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စုတွင် ယာယီအခြေစိုက်ထားတဲ့ ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးနဲ့ တပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံ ဒုက္ခပေးနေကြောင်း ဒေသခံများက ပြောပါသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ ကင်းစခန်းသို့ လွန်ခဲ့တဲ့ ၁၀ ရက်ခန့် က ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ၎င်းတို့က ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ စိုက်ခင်းများ၊ သီးနှံများ၊ ငါးဖမ်းသမားများထံမှ ငါးများနဲ့ ပုဇွန်များကို ဆက်ကြေးတောင်းခံသလို နေ့စဉ်နေ့တိုင်း တောင်းယူနေခဲ့ပါတယ်။

စိုက်ခင်းတွေထဲမှ ကောက်ပဲသီးနှံများကို ၄င်းတို့ စိတ်ကြိုက်ခူးယူရုံတင်မက ရွာထဲမှ ကြက်၊ ငှက် ပါမကျန် ဖမ်းယူသွားကာ ဒါတင်မကသေးပဲ ငါးဖမ်းသမားတွေကို တွေ့ရင် ငါးနဲ့ပုဇွန်များ လုယူသွားကြောင်း၊ ယခုဆိုရင် ပုဇွန်ရတာနဲ့ ၄င်းတို့အား သွားပေးရကြောင်း မပေးလျှင် ညှဉ်းပန်းနှိပ်စက်မှာကို စိုးရိမ်ရတဲ့အတွက် ဘာမဆိုအကုန်ပေးနေရတယ် ဟု ဒေသခံတစ်ဦးက RB News သို့သတင်းပေးပို့ခဲ့ပါတယ်။

မတ်လ (၂၇) ရက်နေ့က ငါးရန့်ချောင်းနှင့် ကျီးနှုတ်သီးမှာ စက်လှေများဖြင့် ငါးဖမ်းနေသူများကိုဆင့်ခေါ်ပြီး အမှန်တကယ်စက်လှေပိုင်ရှင်များနှင့် ပိုင်ရှင်မဲ့ဖြစ်နေတဲ့စက်လှေများကိုသုံးပြီး ငါးဖမ်းနေသူများကို အုပ်စုခွဲခဲ့ရာ၊ ပိုင်ရှင်မဲ့ဖြစ်နေတဲ့ စက်လှေများကိုသုံးနေသူ (၁၃) ဦး တွေ့ရှိခဲ့ကြောင်း၊ ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးက အဆိုပါ (၁၃) ဦးကို ငွေကျပ် (၁၅) သိန်း မတရားတောင်းဆိုခဲ့ပြီး ၄င်းငွေကို မတ်လ (၂၈) ရက်နေ့တွင် နောက်ဆုံးထား ပေးရမည်လို့ အမိန့်ပေးခဲ့တာကြောင့်၊ ကျေးရွာမှ လူကြီးများက ညှိနှိုင်းပေးမှုနဲ့ ငွေကျပ် (၅) သိန်း ပေးခဲ့ရကြောင်း သိရပါတယ်။

ဒေသခံရိုဟင်ဂျာတွေက စားဝတ်နေရေး ခက်ခဲနေတာကြောင့် တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေသူတွေရဲ့ စက်လှေတွေကို ယူသုံးပြီး ငါးဖမ်းကြတာဖြစ်ပြီး အဲလို ငါးဖမ်းနေတဲ့ ဒေသခံ (၁၃) ယောက်ကို ငွေ (၁၅) သိန်း အတင်းအဓမ္မ ညှစ်တာကြောင့် ၄င်းရိုဟင်ဂျာတွေလည်း ပေးဖို့ မတတ်နိုင်ခဲ့ပါဘူး။ မတ်လ ၂၈ ရက်ကို နောက်ဆုံးထား ပေးရမယ်ဆိုတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးလူကြီးတွေက သွားတောင်းပန်ခဲ့ရပြီး နောက်ဆုံးမှာ ငွေ (၅) သိန်းနဲ့ ပြေလည်သွားတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေ လမ်းသွားရင်လည်း ကာအိနြေ္ဒပျက်ပြားတဲ့အထိ နှောက်ယှက်ရုံတင်မက၊ အမျိုးသမီးတွေ ၀တ်ရုံခြုံထားတာကို အတင်းအဓမ္မ ချွတ်ခိုင်းတာတွေ ပြုလုပ်ကြောင်း၊ စစ်သားတွေက ရိုဟင်ဂျာအမျိုးသားတွေကိုလည်း အကြမ်းဖက်သမားတွေလို့ မတရားစွပ်စွဲကာ၊ ၅၅၂ တပ်ရင်းကို တိုက်ခိုက်ခဲ့တဲ့လူတွေဖြစ်တာမို့ ဖမ်းမှဖြစ်မယ်လို့ ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ ပြုလုပ်နေပါတယ်။

၅၅၂ တပ်ရင်း ဗိုလ်ကြီးနဲ့ စစ်သားတွေ ရွာကိုရောက်လာပြီးကတည်းက ၄င်းဒေသမှရိုဟင်ဂျာတွေဟာ ဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရပါတယ်။

Source: Rohingya Blogger

More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.