Press "Enter" to skip to content

တရုတ်နဲ့ ရရှားအပေါ် Yang-hee Lee ရဲ့ ဝေဖန်ချက်

၃၀.၀၈.၂၀၁၈

ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့အတွက် စစ်တပ်ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်းနဲ့ ၄င်းတို့ကို ICC ခုံရုံးတင် တရားစွဲဖို့ အကြံပြုထားပါတယ်။

အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားဟာ ကန့်ကွက်ခဲ့တာကြောင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က တရုတ်နဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ပိုပြီး အပြစ်ရှိကြောင်း ပြောလိုက်ပါတယ်။

မြန်မာ့အရေး ဆွေးနွေးပွဲမှာ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နဲ့ ရုရှားကပဲ ကန့်ကွက်ခဲ့တဲ့အပေါ် Yanghee Lee က…….. တရုတ်နဲ့ ရုရှားက အမြဲပဲ ဒီလို တုန့်ပြန်မယ်ဆိုတာ သူမအနေနဲ့ မျှော်လင့်ထားပြီးဖြစ်ကြောင်း အရင်ကတည်းက မြန်မာ့အရေးကိစ္စတိုင်းကို သူတို့ဒီလိုပဲတုံ့ပြန်နေတာဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးငါးနိုင်ငံပဲ ရှိတဲ့အထဲမှာ တရုတ်နဲ့ ရုရှားက ပါဝင်နေတာကိုက တကယ်စိတ်ပျက်မိကြောင်း၊ သူတို့ရဲ့လုပ်ရပ်တွေကို သူတို့အရှက်ရသင့်တာကို မရှက်တဲ့အတွက် သူမအနေနဲ့ အလွန်စိတ်ပျက်ရွံရှာမိကြောင်းကို ပြောခဲ့ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် အဓိက ငါးနိုင်ငံကို လူတွေ စတင်ထုတ်ဖော်ပြောဆိုလာတဲ့ အချိန် ရောက်လာဖို့လိုကြောင်း ၊ ၄င်းတို့အနေနဲ့ ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းတွေကို ထိန်းသိမ်းကာကွယ်လိုစိတ် မရှိဘူးဆိုရင် အခုလိုအရေးကြီးတဲ့ လြုံခုံရေးကောင်စီမှာ ပါဝင်ဖို့ မသင့်ဘူး လို့ သူမကပြောသွားခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးဖို့ တာဝန်ရှိနေပြီး ရုရှားနဲ့ တရုတ်တို့ကလည်း သဘောထားတွေ ပြောင်းလဲလာဖို့ လိုအပ်ကြောင်း ထပ်မံပြောခဲ့ပါတယ်။

တရုတ်ဟာ ကမ္ဘာ့စီးပွားရေးမှာ ထိပ်ဆုံးအောင်မြင်နေပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံ တနိုင်ငံ ဖြစ်ကာ  စီးပွားရေးနဲ့ ငွေရေးကြေးအရ ကမ္ဘာ့ ဦးဆောင်မှုနေရာမှာ ရှိရုံတင်မဟုတ်ဘဲ အခြားကဏ္ဍရပ်တွေလည်း ပါဝင်နေကြောင်းမို့  ကမ္ဘာတ၀န်းမှာ ရှိတဲ့ လူတွေအတွက် လူ့အခွင့်အရေးကို ကာကွယ်၊ မြှင့်တင်ဖို့ တာဝန်ရှိတယ်ဆိုတာကို အမှန်တကယ် ပြသ လုပ်ဆောင် ရမဲ့နိုင်ငံ ဖြစ်တယ်လို့ပြောပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့လည်း  ရိုဟင်ဂျာအရေးကိစ္စမှာ ICC ခုံရုံးကို ဆက်ပြီး လွှဲသင့်ကြောင်း ၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း  ICC ခုံရုံးအနေနဲ့ အရေးယူဆောင်ရွက်ဖို့ မဖြစ်မနေ တွန်းအားပေးသင့်ကြောင်း၊  အဲဒီလိုမှ မလုပ်ဘူးဆိုရင် ဒီလိုကျူးလွန်မှုကို နောက်ထပ်ပြီး လက်ဆင့်ကမ်းကျူးလွန်တာတွေ ဖြစ်လာနိုင်ကြောင်း Yanghee Lee က အကြံပြုခဲ့ပါတယ်။

လာမဲ့ စက်တင်ဘာလမှာကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ချမှတ်တဲ့ဆုံးဖြတ်ချက်မှာ အဲဒီအချက်ကို ထောက်ခံရုံသာမက  အဖွဲ့ဝင်နိုင်ငံတွေလည်း ထောက်ခံလိမ့်မယ်လို မျှော်လင့်ကြောင်း ၊ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကြီး ဖြစ်ပေါ်မလာအောင် ကာကွယ်ဖို့ ကုလသမဂ္ဂဘက်က တုန့်ပြန် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတာကိုလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ဝေဖန်ထောက်ပြခဲ့ပါတယ်။

 

Mission News Theme by Compete Themes.